ဒေးဒရဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အပတ်စဥ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစု ဓာတ်မြေသြဇာများ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးပေးလျက်ရှိပြီး မျိုးစေ့ချကိရိယာ (Drum Seeder)များ ဖြန့်ဝေပေးလျက်ရှိရာ မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကို ပြန်လည်တင်ပြသွားကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ရဲမှူး ပိုထွန်းတို့က ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ လုံခြုံအေးချမ်းစေရေး ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ ဆွေးနွေးခြင်းနှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်က အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများအား လစဥ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း