ဘားအံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံမိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ဇူလိုင် ၃၁

ဘားအံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းအသင်းနှင့် မြန်မာစာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊သရုပ်ပြဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် မြန်မာစာအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ  ပါမောက္ခချုပ်က စားပွဲတင်တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များက စားပွဲတင်တင်းနစ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိ ကြသူများ၊ အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ စစ်တုရင်ပြိုင်ပွဲတွင် အသင်းလိုက် ဆုရရှိကြသူများ၊ ဖူဆယ်ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသောအသင်းတို့ကို ဆုတံဆိပ်နှင့် ဆုဖလားများပေးအပ်ချီးမြှင့် ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သမိုင်းအသင်းအား  ဆုတံဆိပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာစာအသင်းအား ဆုတံဆိပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)