ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း(အခမဲ့)စမ်းသပ်ဆေးကုသပေးခြင်းများဆောင်ရွက်

ပန်းတောင်း ဇူလိုင် ၃၁

ပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်ဦးဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်လ ၂၈ ရက်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အထူးကုဆရာဝန်(ဓာတ်မှန်)ဆရာဝန်ကြီးများက အထွေထွေလူနာ(၁၃၇)ဦး၊ ခွဲစိတ်လူနာ(၁၇)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၁၂)ဦး၊ မျက်စိရောဂါလူနာ(၈၈)ဦး၊ ကလေးလူနာ(၁၂)ဦး၊ သွားရောဂါလူနာ(၁၆)ဦး၊ တီဗီဓာတ်မှန်ရိုက်လူနာ(၄၀)ဦး စုစုပေါင်းလူနာ(၃၂၂)ဦးကို အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း ပန်းတောင်းမြို့နယ် ကုသရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

အဆိုပါနယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ပြည်မြို့ခုတင်(၅၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး၊ ပန်းတောင်းမြို့နယ် က.ပ.စ(၉) စက်ရုံမှူးဗိုလ်မှူးကြီးတင်မောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူစိုး၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကိုကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)