တောင်ငူ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ဇူလိုင် ၂၇ ရက်နေ့မှ စတင်၍ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိခဲ့ပြီး မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိသည်။
တောင်ငူမြို့၌ တောင်ငူခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့မှကြီးကြပ်၍ ဇူလိုင်လ ၂၉ ရက်နေ့အထိ ရေဘေးရှောင်စခန်း(၂၉)ခု ဖွင့်လှစ်ထားပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များက ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းအားပေးစကားပြောကြားသည်။ ထို့ပြင်မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကမိလ္လာများသန့်ရှင်း၍ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်စေရေးစစ်ဆေးခြင်း၊ ရေဘေးရှောင်ပြည်သူများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ပြီး လိုအပ်သည်ဆေးဝါးများပေးအပ်လျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)