တောင်ငူ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်း(၂၉)ခု၊ အိမ်ထောင်စု(၃၀၀၂)၊ လူဦးရေ(၁၁၉၄၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကွဲမှုအဖွဲ့မှကြီးကြပ်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့ညနေ ၅ နာရီအချိန်တွင် တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းမှပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်စားသောက်စရာများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် တောင်ငူမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ ဥက္ကဋ္ဌဦးဉာဏ်လင်းအောင်(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)က အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်း(၂၉)ခု၊ အိမ်ထောင်စု(၃၀၀၂)၊ လူဦးရေ (၁၁၉၄၂) ဦးတို့အတွက် ဆန်အိတ်(၂၀၃) အိတ်၊ ဆီ (၂၉) ပိဿာ၊ ငါးခြောက် (၂၉) ပိဿာတို့ကို သက်ဆိုင်ရာ ရေဘေးရှောင်စခန်းများရှိ တာဝန်ခံများအား ထုတ်ပေးခဲ့ကြောင်းသိရသည်။
မြန်မာပြည်အနှံ့အပြားနှင့် တောင်ငူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ငူမြို့၏စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်(၆၀၀)အထက်ရောက်ရှိခဲ့ပြီး ညနေ (၆)နာရီအချိန်တွင် စိုးရိမ်ရေအမှတ်(၆၆၇)စင်တီမီတာရှိသည်။ စစ်တောင်းမြစ်ရေသည် မိုးဆက်လက်သည်းထန်စွာထပ်မံရွာသွန်းပါက မြစ်ရေကြီးမှုအန္တရာယ်ဖြစ်ပေါ်နိုင်သောကြောင့် မြစ်ကမ်းနဘေးနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)