ရွှေတောင် ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းကျေးရွာအုပ်စု၊ မင်းတဲကျွန်း ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်အောင်နှင့် မြို့မရဲစခန်းမှူးဒုရဲမှူးသိုက်စိုးတို့မှ ပြစ်မှုပြစ်ဒဏ်နှင့်မှုခင်းကျဆင်းရေး၊ ဥပဒေပုဒ်မအကြောင်းအရာများ၊ ယာဥ်ထိန်းတပ်ဖွဲ့ ရဲအုပ်အောင်ကိုမင်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မိမိချိုက ကျား၊ မရေးရာနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ကျေးရွာစာကြည့်တိုက်များထူထောင်နိုင်ရေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးရန်နိုင်ဇော်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့ နည်းစေရေးအကြောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ရာ ဒေသခံပြည်သူများကသိရှိလိုသည်များကိုပြန်လည်မေးမြန်းရာ ကဏ္ဍအလိုက်ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)