ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း ဇူလိုင် ၃၁     

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ဓမ္မသော်ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်မူက မိုးရာသီတွင်ဖြစ်တတ်သောသွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များကို ကျောင်းသားလူငယ်များအားအသိပညာပေးပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်း သား၊ ကျောင်းသူများအား မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ လက်သည်းခြေသည်းများ စစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအားပြုလုပ်ပေးပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုများကို ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစဥ်သက်မှတ်ထားသောရက်များ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ အစားအစာများအန္တရာယ်ကင်းဝေးရေး၊ ကျောင်းပတ် ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး အစရှိသည့်လုပ်ငန်းစဥ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)