ကျောက်ကြီး ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံညွှန်ကြားမှုအရ အခြေခံပညာအထက်တန်းကျောင်း၊ သပြေဆောင်ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်းပြီး "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးပြသခဲ့ကြောင်းသိရသည်။
ဗီဒီယိုအား တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" သဘောတရားများကို အများပြည်သူသို့မိတ်ဆက်ပေးနိုင်မည့် အကောင်းဆုံးဗီဒီယို(၂)ခုပေးပို့၍ နိုင်ငံတော်အဆင့် တရားဥပဒေစိုးမိုးရေး မီဒီယာပလက်ဖောင်းများတွင်ထုတ်လွှင့်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
အဆိုပါ ဗီဒီယို(၂)ခုအား အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရှိရပြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၆) ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက (၁) ကြိမ်စီ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)