မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က စစ်မှုထမ်းကာလတွင် မိမိတို့ဘက်မှ တာဝန်ကျေပြွန်စွာထမ်းဆောင်ကြရန်၊ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်များမပေါက်ဖွားနိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ၊ ဆောင်ရွက်ကြရန်နှင့် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းကြရေး၊ တောင်သူများ၏ စပါးပင်သီးနှံများကို ဖျက်ဆီးတတ်သော ရွှေခရုအန္တရာယ်မှ နှိမ်နင်းကာကွယ်ရေး၊ မိုးစပါးစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်/ယာများ၊ ရေအပြည့်အဝရရှိရေး၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြရန်နှင့် စိုက်ပျိုးစရိတ်ချေးငွေများလည်း ပြေကျေစွာပြန်လည်ပေးဆပ်ကြရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက်အဖွဲ့ဝင်အတွင်းရေးမှူး ရဲမှူးလှိုင်ဝင်းက မိမိဒေသလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေမှုနှင့် မိမိရပ်ရွာအေးချမ်းသာယာမှုရှိစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မိမိရပ်ရွာတည်ငြိမ်အေးချမ်းစွာရှိရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများပူးပေါင်းပါဝင်ပြီး လုံခြုံရေးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)