ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကျောက်ဖရုံသီးနှံ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွား

ပွင့်ဖြူ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံ ကျောက်ဖရုံသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေအများစုက မိသားစုအပိုဝင်ငွေရရှိအောင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့  ကျောက်ဖရုံ ၊ ဘူး ၊ ရွှေဖရုံ ၊ ခရမ်းချဉ် ၊ ခရမ်းစိမ်း ၊ ခရမ်းညို ၊ ပန်းမုံလာ ၊ မုံလာဥဖြူ ၊ ကြက်ဟင်းခါး ၊ သခွါး ၊ ပိန်းဥ ၊ အာလူး ၊ ကြက်သွန် ၊ ငရုတ် ၊ ကန်စွန်း ၊ ချဉ်ပေါင် ၊ ကိုက်လံ ၊ ဆူးပုပ်နဲ့ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးတို့ကို စိုက်ပျိုးကြပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရာတွင် ကျောက်ဖရုံသီးနှံ  စိုက်ပျိုးရေးလုပ်ငန်းကလဲ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလဲကောင်းတယ်။ လက်ရှိမှာ ဘူးသီးနဲ့ ကျောက်ဖရုံသီးက အလုံးအကြီး/အသေးပေါ်မူတည်ပြီး ငွေကျပ် (၂၀၀၀၊ ၃၀၀၀)ခန့် ရောင်းချနေရလို့ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေးတွက်ချေကိုက်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာ၌ ဘူးသီးနှင့် ကျောက်ဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် တစ်နှစ်ပတ်လုံး အသီးသီးသော အပင်ဖြစ်ကာ အကြီးမြန်သော နွယ်ပင်တစ်မျိုးလည်းဖြစ်၍ စနစ်တကျ စိုက်ပျိုးပါက မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိစေသော သီးနှံများပင်ဖြစ်သည်။

ဘူးသီးနှင့် ကျောက်ဖရုံသီးနှံစိုက်ပျိုးရာတွင် မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း သုံးပေခန့်ခွာ၍ မျိုးစေ့ချစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကို နှစ်ရက်ခြား၊ သုံးရက်ခြား တစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် ရောင်းတန်းဝင် ဘူးသီးနှင့် ကျောက်ဖရုံသီးများကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)