ပခုက္ကူ ဇူလိုင် ၃၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းမြတ်က ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ အမြန်လမ်းနှင့် မြို့တွင်းလမ်းများ၌ မောင်းနှင်နိုင်သည့် မြန်နှုန်းများနှင့် သတ်မှတ်တင်ဆောင်ခွင့်ရှိသည့် တန်ချိန်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ပခုက္ကူမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်းက ပြည်သူများခရီးသွားလာမှု အဆင်ပြေစေရေး မော်တော်ယာဉ်များမှတ်ပုံတင်ပေးခြင်း၊ မော်တော်ယာဉ်အမျိုးအစားအလိုက် ယာဉ်မောင်းလိုင်စင်ကဒ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှုများ၊ မော်တော်ယာဉ်ကို ကျွမ်းကျင်စွာမောင်းနှင်နိုင်ရေး စာမေးပွဲများကျင်းပ၍ စာတွေ့၊ လက်တွေ့ စစ်ဆေးနေမှုများ၊ မှတ်ပုံတင်ခြင်းမရှိသည့် မော်တော်ယာဉ်များဖြင့် ကုန်သွယ်သွားလာခြင်း၊ မောင်းနှင်ခြင်းပြုလုပ်သူများ တွေ့ကြုံနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးပြဿနာများကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြား/စီမံဌာနမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြပြီး ဟောပြောဆွေးနွေးသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)