သံတောင်ကြီးမြို့နယ်တွင် ထောပတ်သီးများ အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရှိ

သံတောင်ကြီး ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးမှုအဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးပင်များကို မိမိတို့ဥယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုအချိန်တွင် ထောပတ်သီးများပေါ်ချိန်တွင် အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ထောပတ်သီးပင်များသည် ဆေးဖက်ဝင်သော နှစ်ရှည်ပင်သီးနှံ အမျိုးအစားတစ်ခုဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ အာဟာရဓာတ် ပြည့်ဝစေသောကြောင့် လူကြိုက်များသော သီးနှံတစ်ခုဖြစ်သည်။ ယခင်နှစ်များတွင် ထောပတ်သီးတစ်လုံးကို ကျပ် (၄၀၀) မှ ကျပ် (၆၀၀) ထိ ဈေးနှုန်းရရှိသော်လည်း ယခုနှစ်မှာမူ ထောပတ်သီးတစ်လုံးကို အရွယ်အစားပေါ် မူတည်၍ ကျပ်(၁၀၀၀)မှ ကျပ်(၁၂၀၀)ထိ ဈေးကောင်းရရှိကြောင်း၊ ထောပတ်သီးများကို သံတောင်ကြီးမြို့ပေါ်တွင် ရောင်းချသည်သာမက တောင်ငူမြို့ရှိ သီးနှံရောင်းဝယ်သူများထံတွင် သွားရောက်ရောင်းချကြကြောင်း ထောပတ်သီးစိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ထူးထံက သိရသည်။

နော်နော်မူ