မင်းဘူး(စကု)မြို့နယ်တွင် အိုင်းမဆည်နှင့် မဲဇလီဆည်များမှ မိုးစပါး ၃၄၀၂၆ ဧက ရေပေးဝေစိုက်ပျိုးသွားမည်

မင်းဘူး ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်များမှ ရေပေးဝေခြင်းစနစ်ဖြင့် မိုးစပါး ၃၄၀၂၆ ဧက ရေပေးဝေစိုက်ပျိုးနိုင်မှာဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇေမျိုးသက်ထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှာ ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါး ရေပေးဝေစိုက်ပျိုးခြင်းကို မဲဇလီဆည်မှ ၄၄၀၁ ဧက နှင့် အိုင်းမဆည်မှ ၂၉၆၂၅ ဧက စုစုပေါင်း ၃၄၀၂၆ ဧကအတွက်လျာထားကာ ပေးဝေစိုက်ပျိုးသွားမည့်အပြင် ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းများဖြင့်လည်း ပေါင်းစပ်၍ စိုက်ပျိုးလျက်ရှိပြီး အောင်နိုင်တိုး၊ မနောသုခ၊ ဧရာမင်း၊ ဆင်းသုခ၊ ကောက်ညှင်း၊ ပေါ်ဆန်းရင်၊ ရက် ၁၀၀ နှင့် ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးသွားကြမှာဖြစ်ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မင်းဘူး(စကု)မြို့နယ်၌ ယခင်က မိုးရေတစ်မျိုးတည်းကိုသာ အဓိကထားစိုက်ပျိုးနေရသဖြင့် တောင်သူများအဖို့ မိုးတွင်းရောက်မှသာ သီးနှံများကို စိုက်ပျိုးနိုင်ကြသော်လည်း ယခုအခါ မိုးရေ၊ ဆည်ရေများအပြင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာလျှပ်စစ် ရေတင်စီမံကိန်းများ၊ မြစ်ရေ၊ ချောင်းရေနှင့် မြေအောက်ရေများပါ စုတ်တင်၍ စိုက်ပျိုးနိုင်ပြီး၊ စပါးအပြင် နေကြာ၊ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံစိုက်ပျိုး၍ သီးထပ်၊ သီးညှပ်များဖြင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ကာ တောင်သူများ၏ လူမှုဘဝစီးပွားရေးများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)