မြဝတီ ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ သောင်ရင်းမြစ်ရေအမှတ်သည်(၃၀-၇-၂၀၂၅)ရက်နေ့ညနေ ၄ နာရီအချိန်အထိ(၁၃၄၀) စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်အထက် (၃၇၇) စင်တီမီတာသို့ ပြန်လည်ရောက်ရှိ၍မြေနိမ့်ပိုင်းရှိ ရေဘေးသင့်ပြည်သူများမှ ရေဘေးကယ်ဆယ်ရေးစခန်း(၈)ခုတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
အဆိုပါ ရေဘေးသင့်ပြည်သူ(၄၂၀၀) ဦးအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းဦးဆောင်မှုဖြင့် တာဝန်ရှိသူများက အုပ်ချုပ်၊ ထောက်ပံ့မှုလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ အမှတ် (၃) ရပ်ကွက်ရှိ ဓိဌာန်အောင်ဘုန်းကြီးကျောင်း၊ ဓမ္မရန်အောင် ဘုန်းကြီး ကျောင်း၊ အမှတ်(၄) ရပ်ကွက်ရှိ၊ ကြခတ္တတောဘုန်းကြီးကျောင်း၊ တောရဘုန်းကြီးကျောင်းနှင့် ဟေမာန်ဦး ဘုန်းကြီးကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ကျောင်းနှင့်ဖားခြောက်ကောင် ဘုန်းကြီးကျောင်းစသည့် ကယ်ဆယ်ရေးစခန်း (၈) ခု၌ ပြန်လည်ရောက်ရှိသည့် ပြည်သူ (၄၂၀၀) ဦးအား ချက်ပြုတ်ကျွေးမွေးနိုင်ရေး အတွက်လိုအပ်သောဆန်၊ ဆီ၊ ငါးသေတ္တာနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစီအစဉ်ကယ်ဆယ်ရေး စခန်း(၈) ခုမှရေဘေးသင့်အိမ်ထောင်စု(၇၇၁)စုမှ လူဦးရေ (၂၈၅၁)ဦး တို့အတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် (၁၄၂၅၅၀၀၀/-)အားလည်းကောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် ရေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ