ပုသိမ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာ(သိပ္ပံ) (၁၂၀'×၉၀') မိုးလုံလေလုံ အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာအားကစားနှင့်ကာယပညာ(သိပ္ပံ)မိုးလုံလေလုံ အားကစားရုံသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ပန်းပွားအကအဖွဲ့နှင့် ဘင်ခရာအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာ(သိပ္ပံ) မိုးလုံလေလုံအားကစားရုံသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) သင်တန်းသား အိပ်ဆောင် အလျား(၁၃၆)ပေ၊ အနံ(၄၄)ပေရှိ (၁၀)ခန်းတွဲ RCသုံးထပ် ပန္နက်တင်မင်္ဂလာ အခမ်း အနားသို့ ဆက်လက်တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်တို့နှင့်အတူ မင်္ဂလာအချိန်တွင် ပန္နက်တော်များအား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တင်ပေးခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသားအိပ်ဆောင် တာဝန်ယူဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဉီးက အဆောက် အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစား ခန်းမတွင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ် ချက်များသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်း အားကစားနည်းသည် မြန်မာ့ရိုးရာခြင်းလုံးကစားလေ့ရှိကြသည့် မြန်မာလူမျိုးများအတွက် ကျွမ်းဝင်ပြီးသားအားကစားနည်းဖြစ်ပြီး နေရာအကျယ်အဝန်းများများမလိုအပ်ဘဲ ခြင်းလုံးနှင့် ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် ကစားနည်းဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစားကစားနေကြသည့် အားကစားနည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်“အဖိုးနည်းဝန်ပါ သင်ကျန်းမာဘို့ ပိုက်ကျော်ခြင်း ကစားကြစို့”ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်ဖြစ်စေ၊ အားကစားအတွက်ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ကြမည့် အားကစားသမားမောင်/မယ်များသည် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက်မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင် အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်လည်းကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်းပြောကြားပြီး ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲ အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ကချင်ပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသား အသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအား ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
လှမင်းထွဋ်