ပုသိမ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းတွင် ယခင်နှစ်များက မိုးများ၍ ရေကြီးနစ်မြုပ်မှုများကြောင့် လမ်းတံတားများပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၎င်းလမ်းတံတား များနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေရရှိအောင်ဆောင်ရွက်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်း၊ တံတား ပြင်ဆင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လမ်းပိုင်းများ၊ တံတားများအလိုက် ရန်ပုံငွေတင်ပြတောင်းခံထားရှိမှု၊ ရန်ပုံငွေရရှိမှု၊ ပြုပြင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ရှင်းလင်းတင်ပြကြရန်၊ လမ်းများပြင်ဆင်ဆောင်ရွက်ရာတွင် လမ်းပုခုံးများ စနစ်တကျဖြစ်စေရေးနှင့် ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရန်၊ လမ်းမကြီး များတွင် ရေဝပ်ခြင်းများ၊ ပျက်စီးမှုများဖြစ်ပေါ်ပါက အချိန်မီပြင်ဆင်နိုင်ရေးဆောင်ရွက်ကြရန်၊ လမ်းများပြုပြင် ဆောင်ရွက်နိုင်သည်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များပိုမိုကင်းရှင်း လာမည်ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်အညီ သွားလာဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက်ဆောက်လုပ်မှုများမရှိစေရေး စစ်ဆေးဆောင်ရွက်ရန်” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် လမ်း၊ တံတားဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေစာရင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တံတားဦးစီးဌာနမှ တံတား အထူးအဖွဲ့အလိုက် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရန်ပုံငွေစာရင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနမှ အထူးအဖွဲ့၊ ခရိုင်အလိုက် ပြည်ထောင်စု၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် လမ်းအလိုက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တံတားလုပ်ငန်းများနှင့် တံတားဆိုင်ရာ အချက်အလက်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် တံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လမ်း၊ တံတားလုပ်ငန်းများ၏ စီမံချက်/ပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်ခွဲခြားခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အလုပ်ရုံအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ်အမှိုက်၊ အမှိုက် (၄) မျိုးအဖြစ် ခွဲခြားစွန့်ပစ်ခြင်း၊ ခွဲခြားသိမ်းဆည်းခြင်း တို့အား Pilot Area သတ်မှတ်၍ (၂၉.၆.၂၀၂၅)ရက်နေ့မှ စတင်ပြီး အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအား ဆောင်ရွက်မှု၊ ရရှိလာသောအမှိုက်စိုများအား သြဂဲလ်နစ်မြေသြဇာအဖြစ် ပြုပြင်ထုတ်လုပ်နိုင်မှု၊ ပလတ်စတစ်အိတ် အပျော့များအား ပလတ်စတစ်ခုတ်စက်ဖြင့်ခုတ်၍ ကွန်ကရစ်လမ်းခင်းတုံးများ ထုတ်လုပ်ရာတွင် ရောစပ်အသုံးပြုထုတ်လုပ်ဆောင်ရွက်မှု၊ ပလတ်စတစ်ဘူးခွံများအား ပလတ်စတစ်ခုတ်စက်ဖြင့် ခုတ်၍ရရှိလာသည့်ကုန်ကြမ်းများအား ရန်ကုန်သို့တင်ပို့ရောင်းချမှု၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ တစ်ရက်စွန့်ပစ်အမှိုက်ထွက်ရှိမှုနှင့် ပလတ်စတစ်အမှိုက်ထွက်ရှိမှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)လအတွင်း ပလတ်စတစ်အမှိုက် ထွက်ရှိမှုနှင့် (၁)လအတွင်း ပလတ်စတစ်အမှိုက်လျှော့ချနိုင်မှု၊ ပလက်စတစ်သုံးစွဲမှု လျော့ချရေး ဆောင်ရွက်မှုအနေဖြင့် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့အား ပလက်စတစ်မသုံးစွဲရ နေ့အဖြစ်သတ်မှတ် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် အကျိုးရှိစွာပြန်လည် အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ အမှိုက်လေးမျိုးခွဲခြားစွန့်ပစ်မှုအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် လိုက်ပါဆောင်ရွက်စေရေး ဆောင်ရွက်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် ကွန်ကရစ်လမ်းခင်းတုံးများ စနစ်တကျ ထုတ်လုပ်ဆောင်ရွက်ရေးကို မှာကြားခဲ့သည်။ ဧရာဝတီတိုင်းအတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းအား အရင်းအမြစ်တွင်ပင်ခွဲခြားစွန့်ပစ်စေ၍ အမှိုက်ခွဲခြား သိမ်းဆည်း စွန့်ပစ်သည့်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လှမင်းထွဋ်