စစ်ကိုင်း ဇူလိုင် ၃၁
စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းလက်တွေ့သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေကျပ်(၃)သိန်း ပေးအပ်ခဲ့သည်။
ထို့နောက် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်နှင့် မီးသတ် တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူပေါင်း၍ ငလျင် လှုပ်ခတ်မှုဖြစ်စဉ် သရုပ်ပြသခဲ့ပြီး၊ HNE မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ Slide ဆင်းပြီး အထပ်မြင့်တွင်ပိတ်မိနေသောလူနာအား ကယ်ဆယ်ခြင်း၊ Tripot စနစ်ဖြင့် လူနာကယ်ဆယ်ခြင်း၊ အဆောက်အဦတွင် ပိတ်မိနေသောလူနာအား ထွင်းဖောက်ဝင်ရောက်ခြင်း နည်းစနစ်ဖြင့် ကယ်ဆယ်ခြင်းတို့အား လက်တွေ့သရုပ်ပြသ ပေးခဲ့သည်။
ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်