ရေဦး ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ ( Grade -12 ) တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူလေးမျာက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့်အဖွဲ့၀င်များ၊ အခြေခံပညာဦးစီးဌာန ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်၀င်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့်အဖွဲ့၀င်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက် ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရက ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်နှင့်မြို့နယ် တာ၀န်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲ ( Grade -12)တွင် ဂုဏ်ထူးဖြင့်ထူးခွန်စွာအောင်မြင်ရန် ကြီးကြပ်နိုင်မှုဆုကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးအားလည်းကောင်း၊ ဘာသာရပ် ဆိုင်ရာ ထူးချွန်စွာ အောင်မြင်ရန်သင်ကြားပြသနိုင်မှုဆုကို အ.ထ.က(၁)မှ ဓာတုဗေဒဘာသာပြ ဆရာမ ဒေါ်ရွှေစင်ထွန်းအားလည်းကောင်း၊ ဂုဏ်ထူးရကျောင်းသားနှင့် ရိုးရိုးအောင်မြင်ခဲ့သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ဖြေဆိုသူ ၄၆ ဦးရှိပြီး အောင်မြင်သူ (၁၉) ဦးရှိကြောင်း သိရသည်။
သန်းသန်း