ကန်ကြီးထောင့်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ(ကိုယ်စား) ဦးစီးမှူး ဦးမင်းထက်ဇော်ကအမှာ စကားပြောကြားပြီး ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ(ကိုယ်စား) အသင်းအုပ်ချုပ်မှု ဒါရိုက်တာက အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အသင်းအမှုဆောင်အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာသော အသင်းသား၊ အသင်းသူများက ပြန်လည်ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုချက်ရယူခဲ့ပြီး အသင်းသားများက သဘောတူသဖြင့် သဘာပတိမှ အတည်ပြုခဲ့သည်။ အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ(ကိုယ်စား) ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့၊ အသင်းသားအသင်းသူများ တက်ရောက်ခဲ့ကြပြီး အသင်းသားအသင်းသူများ၏ စုဆောင်းငွေပေါ်အတိုး ငွေကျပ်(၂၁)သိန်းကျော်ကို မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ(ကိုယ်စား) ဦးစီးမှူးနှင့် ဒါရိုက်တာအဖွဲ့မှ အသင်းသား၊ အသင်းသူ(၉၉)ဦးထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး