မုံရွာ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုသင်တန်းအား စနစ်တကျနှင့်အချိန်ပြည့် တက်ရောက်ပေးခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ထိရောက်သည့်နည်းလမ်းများဖြင့် စနစ်တကျပြုစုပျိုးထောင်ပြီး မိဘများနှင့် ရပ်ရွာလူထုများမှလည်း ဝိုင်းဝန်းပူးပေါင်းကာ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ ဗဟုသုတနည်းပညာများအား အသုံးချပြီး မိမိတို့နိုင်ငံ၏အနာဂတ်ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ကြီးကြပ်သင်ပြပေးပါသော လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်ခင်နွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှုတ်များအားလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လိူင်မိုးမြတ်က သင်တန်းအစီရင်ခံစာအား Power Point ဖြင့် ဖတ်ကြားပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက သင်တန်းသူများအား၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ခန်းမအတွင်းခင်းကျင်းပပြုသထားသည့် သင်တန်းသူများကိုယ်တိုင်ပြုလုပ်ထားသည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအား ဇူလိုင်လ ၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)