သံတောင်ကြီး ဇူလိုင် ၃၁
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်အားယမန်နေ့ မွန်းလွဲ ၂နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး နော်ဆွိမင်း(Book Club)အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် စဉ်းစားခြင်းဆိုတာဘာလဲ၊ အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများ ၊ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်ခြင်း၊ ဖော်ထွက်အတွေးတို့၏ သဘောစသည့်အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးနော်တောတော (Youth Club)အဖွဲ့ဝင်က စဉ်းစားစရာပြဿနာများ၊ ဘယ်သူ ရိုးဖြောင့်မှန်ကန်သလဲ၊ ကြက်ဥနှင့်ကြက်မဘယ်သူအရင်စ၊ ရွေးချယ်စရာများလွန်းသသည့်အခါ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club / Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ပြဿနာအရပ်ရပ်နှင့်ကြုံတွေ့လာပါက ဦးနှောက်ဖြင့်သေချာစဉ်းစားမှန်ကန်စွာ ဖြေရှင်းတတ်လာခြင်း၊ အကောင်းအဆိုး အမှား အမှန်ကို စဉ်းစားတွေးခေါ်တတ်လာခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်သည်။
နော်နော်မူ