နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နတ်မောက် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံရှိ ဆရာဝန်ကြီး၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နတ်မောက်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဆိုင်ရာစစ်ဆေးပေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် လိုအပ်သည့်ဆေးဝါးများကိုလည်း အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း