မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ တောင်သူများအတွက် စိုက်ပျိုးပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ဦးစွာ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က တောင်သူစိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး၊ ဆီထွက်သီးနှံဇုန် တာဝန်ခံ ဦးသိန်းနိုင်လင်းက AI အကြောင်း သိကောင်းစရာများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး လုပ်ငန်းစဉ်များတွင် deep seek AI နည်းပညာ အသုံးပြုရခြင်းများဆွေးနွေးပို့ချကာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ လ/ထညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက မျိုးစေ့သုတေသနနှင့် အပင်မျိုးသစ်များ မွေးထုတ်ခြင်းအကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ လ/ထညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းက ဓာတ်မြေဩဇာ အချိုးကျ အချိန်ကိုက်သုံးစွဲစေရေးနှင့် သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော်ထည်သွင်းစိုက်ပျိုးတို့ကိုပါ ပြောကြား၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ လ/ထ ညွှန်ကြားရေးမှူး ဒေါ်သက်သက်မြင့်က ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး နည်းလမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမေဇာမြင့်က စပါးသီးနှံကိုဆောင်ရွက်ရမည့် ရိတ်သိမ်းချိန်လွန် လုပ်ငန်းအဆင့်ဆင့်များကို ဆွေးနွေးပို့ချကာ မင်းဘူးခရိုင် မြို့နယ်(၅)မြို့နယ်မှ တောင်သူများနှင့် သရက်ခရိုင် မင်းလှမြို့မှ တောင်သူများအပါအဝင် တောင်သူ(၁၀၀)ဦး၊ တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)