ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Online ငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်လတ် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Online ငွေကြေးလိမ်လည်မှုများနှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ရဲမှူးကျော်စိုးက အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်းကို မိမိတို့ ပတ်ဝန်းကျင်မှာ မကြာခဏမြင်တွေ့နေရကြောင်း၊ Digital နည်းပညာကြောင့် သတင်းအချက် အလက်ဖြန့်ဝေနိုင်မှု ကောင်းမွန်လာခဲ့သော်လည်း သတင်းအချက်အလက်အပေါ် အမှား/အမှန် စိစစ်နိုင်ရေးအရေးကြီးကြောင်း၊ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ကျိုက်လတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သီဟကျော်က မြန်မာနိုင်ငံတွင် အဖြစ်များ ဆုံးမှာ Online မှတစ်ဆင့် ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်ကြောင်း၊ Online  ငွေကြေး လိမ်လည်မှု မှတစ်ဆင့် လူကုန်ကူးခံရသည့် ဖြစ်ရပ်များစွာရှိပါကြောင်း၊ Onlineပေါ်မှ ငွေကြေးလိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ နည်းပညာပံ့ပိုးမှုဆိုင်ရာ၊ အချစ်ရေးဆိုင်ရာ လိမ်လည်မှု၊ ထီလိမ်လည်မှု စသည်ဖြင့် Online လိမ်လည်ဖြားယောင်းမှုနှင့် ခြိမ်းခြောက်မှုများစွာ ရှိလာပါကြောင်း၊ Online  အသုံးပြုသူ ကျောင်းသားလူငယ်များအနေဖြင့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများအား သိရှိခြင်းမရှိဘဲ ဆက်သွယ်လာမှုကို ယုံကြည်မှုမရှိကြရန် လိုအပ်ကြောင်းစသည့် အသိပညာပေး အကြောင်းအရာများ  ဟောပြောခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်