ကသာ ဇူလိုင် ၃၀
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆဲရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကသာမြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများက အချိန်ယူ၍ ကောင်းမွန်စွာ အသုံးချလျက်ရှိရာ ယနေ့မွန်းလဲပိုင်းတွင် Bright Preschool and Education ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လာရောက်ဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ကသာခရိုင် ပြည်သူ့စာကြည့်တိုက်သည် လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး စာပေဗဟုသုတ အသိပညာများကို ဖြန့်ဖြူးပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်ကို ပိုမိုကျွမ်းဝင်စေရန်အတွက် နေ့စဉ်စာအုပ်ဖတ်ပြခြင်း၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်စုံခြယ်ခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် Bright Preschool and Education ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဦးဆောင်၍ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ဖတ်ရှုရသည့်စာအုပ်ပါ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးပြောကြားခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ပြန်လည်ဆွေးနွေးပြောကြားရာတွင် အကောင်းဆုံးဆွေးနွေးပြောကြားနိုင်သူ ကျောင်းသား၊ ကျောင်းသူများကို စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ကလေးများကို ငယ်စဉ်ကာလကပင် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ မိမိ၏ကလေးငယ်များကို အချိန်ပေးပြီး လာရောက်ပို့ဆောင်ရခြင်းဖြစ်ပါကြောင်း Bright Preschool and Education ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း