ဘိုကလေးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနား ကျင်းပ

ဘိုကလေး ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဦးစန်းလွင်နှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင်အာမခံလုပ်ငန်း ဒုတိယတာဝန်ခံဦးဇော်ဇော်နိုင်၊ သံလိုက်၊ ဗြူးစခန်း၊ အောက်လှည်းဆိပ် ကျေးရွာအုပ်စုများမှ တောင်သူများ စုစုပေါင်းအင်အား(၃၀၀)ကျော် တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်က ယခုထုတ်ချေးမည့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများသည် တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာ ထုတ်ချေးခြင်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ချေးငွေများကို လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အကျိုးရှိစွာအသုံးချ၍ ပြန်ဆပ်ရမည့်သတ်မှတ်ရက်တွင်လည်း မပျက်မကွက်ပြန်လည်ပေးသွင်းကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဘိုကလေးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ ဦးစန်းလွင်က မိုးစပါးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ ဖျာပုံခရိုင် အာမခံလုပ်ငန်း ဒုတိယတာဝန်ခံ ဦးဇော်ဇော်နိုင်က သီးနှံအာမခံထားရှိခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်က စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပတ်သက်သည်များ၊ မြေစာရင်းဦးစီးအရာရှိ ဦးညွန့်ထွေးက တောင်သူများမဖြစ်မနေ ဆောင်ရွက်ထားရှိရမည့် ပုံစံ(၇)ဆိုင်ရာကိစ္စရပ်များ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးဝင်းက မွေးမြူရေးကဏ္ဍမြင့်မားတိုးတက်ရေးကိစ္စရပ်များအား အသီးသီး ဆွေးနွေးခဲ့ကြပြီး တောင်သူများအား သတ်မှတ်ချက်များနှင့် အညီ လယ်ယာမြေ(၁)ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာတို့က ချေးငွေများပေးအပ်ခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၅ မိုးစပါးရာသီစိုက်ပျိုးစရိတ်ချေးငွေကို (၁)ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ဧက(၄၀၁၇၈)အတွက် ထုတ်ချေးပေးနိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)