ကြံခင်း ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မစျေးအနီး၊ ဗိုလ်ချုပ်းလမ်း၌ ယနေ့နံနက် ၉ နာရီခွဲက ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲများစုပေါင်း၍ သေခံပြည်သူများ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားသော နေရာများတွင် ဖြန့်ဝေပေးကြသည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင် ဦးဆောင်၍ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲထွဋ်ကျော့သဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ဒုရဲမှူးလှခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ ကြံခင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စျေးသွား၊ စျေးလာများ၊ ရပ်ကွက်နေ ပြည်သူများအား အခမဲ့ဖြန့်ဝေကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ငလျင်ဘေး၊ ရေဘေး၊ ဆူနာမီဘေး၊ မြေပြိုခြင်း၊ လျှပ်စီးလပ်ခြင်း၊ မုန်တိုင်း ဖြစ်ပေါ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ သတိပြုလိုက်နာရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင် အမျိုး ၉ ခုပါ အစောင် ၃၀၀ ကို အင်းအား ၄၀ ဦးဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ကြံခင်း-ပြန်/ဆက်)