အိမ်မဲ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မကူးစက်နိုင်သောရောဂါများကာကွယ်ထိန်းချုပ်ရေးအတွက် စေတနာ့ဝန်ထမ်းများအား သင်တန်းပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွာသစ်ကျေးရွာ တိုက်နယ်ဆရာဝန် ဒေါက်တာမိုးသန့်စင်က အဖွင့်အမှာစကားများကို ပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါ်စုစုနိုင် (ကွင်းဆင်းညှိနှိုင်းရေးမှုး)ကစေတနာ့ဝန်ထမ်းများ၏တာဝန်ဝတ္တရားနှင့်ကျန်းမာရေးပညာပေးခြင်း၊ ဒေါက်တာဝေဝေလွင် (Head Quarter Assistant)က ဆီးချိုသွေးတိုးအကြောင်း၊ ဦးကျော်ဇင်ဟိန်း(စီမံချက်လက်ထောက်)မှ ရပ်ကွက် ကျေးရွာအတွင်း လူဦးရေ စာရင်းကောက်ယူခြင်းနှင့် စာရင်းသွင်းခြင်း၊ လူနာရှာဖွေခြင်း၊ စာရင်းပို့ခြင်း၊ မှတ်တမ်းတင်ခြင်းအကြောင်း၊ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ရွှေဝါဝင်း (ကျန်းမာရေးမှူး)က လက်တွေ့စမ်းသပ်မှု လုပ်ဆောင်ခြင်းစသည့် ခေါင်းစဉ်များဖြင့် သင်ကြား ပေးခဲ့ကြသည်။
ဆက်လက်ပြီးသင်တန်းသားများမှလည်း အုပ်စုလိုက်လုပ်ဆောင်ခြင်း၊ သရုပ်ပြခြင်းမေးခွန်းများ ဖြေကြားခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်