ငပုတောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်

ငပုတော ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ငပု‌တောမြို့ မြောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန် မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ရန်တို့ကို ဒေသခံပြည်သူများအား ဟောပြောကာ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အောင်သူ