ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ကော့သောင်း ဇူလိုင် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းများ၌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများကို ဇူလိုင်လ ဒုတိယပတ်မှစ၍ သတ်မှတ်‌ကျောင်းများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကော့သောင်းမြို့၊ အ.လ.က (ခွဲ) ၃ မိုင်ကျောင်း၌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ဆရာ၊ဆရာမများက ကျောင်းမုန့်ဈေးတန်း၌ သတ်မှတ်ထား‌သော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှုအခြေအနေများ၊ ရောင်းချနေသော စားသောက်ကုန်များအား ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ၊ မရှိ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊သူများအား သွေးလွန်တုပ်‌ကွေးနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး‌ဆိုင်ရာ အ‌ကြောင်းအရာများ၊ သန့်‌‌လေးသန့်နှင့် တစ်ကိုယ်‌ရည်သန့်ရှင်းရေး ဆောင်ရွက်ခြင်းများအကြောင်း အသိပညာပေး ဟောပြော၍ အမြင်အာရုံ စမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် KG တန်း မှ (Grade-5)တန်း ကျောင်းသား၊ကျောင်းသူလေးများအား တစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းကျန်းမာရေးများ၊ အခြားရောဂါလက္ခဏာများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ Grade-5 ကျောင်းသူလေးများအား သံဓာတ်အားဆေးများ တိုက်ကျွေးခြင်း၊ သွားဘက်ဆိုင်ရာမှ တာဝန် ရှိသူက သွားကျန်းမာရေး စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)