ကျောင်းကုန်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကျောင်းကုန်း ဇူလိုင် ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းရန်ပုံငွေ လွှဲ ပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီအချိန်ခန့်က အဆိုပါကျေးလက်ဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအကျ‌ဆုံး အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းကို အရည်အသွေးပြည့်မီအောင်လုပ်ကြဖို့ ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံ‌တော်မှ ငွေကျပ်သိန်း(၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေ အနည်းဆုံး ငွေကျပ်သိန်း(၃၀) ထည့်ဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရရှိသည့် ကျေးရွာများမှ လျှပ်စစ်မီးဆောင်ရွက်မည့် ဗလီဒေါင့်အုပ်စု၊ ဗလီကွင်းကျေးရွာနှင့် ရောင်ပြစ်ကွင်းအုပ်စု၊ ကျုံဖားရိုးကျေးရွာတို့အား တာဝန်ရှိသူများကအသီးသီး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်