ကန်ကြီးထောင့်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အထက်တန်ခွန်တိုင်ကျေးရွာအုပ်စု၊ မန်ကျီးကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်က လျှပ်စစ်အန္တရာယ်အစဉ်သတိပြုဖွယ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်သတိထား ဆောင်ရွက်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်မီးကိုင်တွယ်သုံးစွဲရာ၌ သတိပြုရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် နေအိမ်များတွင်သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်ပါက အသစ်လဲလှယ်အသုံးပြုရန် စသည့် အကြောင်းအရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အလားတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လျှပ်စစ်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လူစည်ကားသောနေရာများ၊ မြို့မဈေးမှ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များအား လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး