ကန်ကြီးထောင့် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝဲကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပရာ အထက်တန်းပြ ဆရာဦးသန်းဝင်းထိုက်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-12 STEMS(1)မှ မအင်ကြင်းခိုင်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စပိုင်ဖြိုးဦးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းအိမ်ယွန်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 STEMS(2)မှ မောင်ချစ်လွန်းဝေက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးခဲ့ကြသော တာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ပြန်လည်ဖြေကြားရှင်းလင်း ပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)