မြန်အောင်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြန်အောင် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို သိရှိစေရန်အတွက် ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များစုပေါင်း၍ ယနေ့နံနက်က မြန်အောင်မြို့မနေခြည်စျေးရှေ့တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲထွဋ်ကျော့သဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များပူးပေါင်း၍ လက်ကမ်းစာစောင်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ သတိပြုလိုက်နာရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များပါဝင်သည့်  အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ဝင်းဗိုလ် (မြန်အောင်)