ပဲခူး ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှကြီးမှူးပြီး ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အင်းတကော်မြို့စစ်ကိုင်းကျောင်းတိုက်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာအခြေ ပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည်တိုင်းရင်းသား အခွင့် အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့်အညီ သက်ဆိုင်ရာဒေသအတွင်းနေထိုင်လျက်ရှိကြသောတိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ် ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပွဲတော်များ၊ အခမ်းအနားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားလူမျိုးတို့၏လူနေမှုဘဝကိုမြင့်မားတိုးတက်စေရန် တိုင်းရင်းသားရေးရာ ကိစ္စများနှင့်ပတ်သက်၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှဆောင်ရွက်နေသောလုပ်ငန်းရပ်များကို တိုင်းရင်းသားများအနေဖြင့် သေ ချာစွာဂရုစိုက်၍ လိုက်နာမှတ်သားကြရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာတွေကိုသိရှိနားလည်စေရန်အတွက် ပညာပေးဟောပြောခြင်းနဲ့ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် တိုင်းရင်းသားတွေရဲ့ လက်ရှိအခြေအနေမှန်တွေကိုသိရှိနိုင်ရန် စစ်တမ်းကောက်ယူသွားမှာဖြစ်ကြောင်း၊ ယခင်ကောက်ယူခဲ့သောစစ်တမ်းများကိုအခြေခံပြီး ယခုဘဏ္ဍာရေးနှစ်မှာ အိမ်တွင်းမှုအသက် မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်တဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ခြင်းရက်လုပ်ခြင်းနည်းပညာသင်တန်းနှင့် စက်ချုပ်သင်တန်းတို့ကိုဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ တက်ရောက်လာတဲ့တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အ တွက်လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်လိုအပ်ကြောင်း ဒါမှသာလိုအပ်ချက်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဝါဝါဝင့်ကျော်က အမျိုးသမီးများ၏အခွင့်အရေးနဲ့ဘိုးဘွားများအတွက်ဆောင်ရွက်သည့်လုပ်ငန်းများအားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောကြသည်။
ယင်းနောက် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က အသိပညာပေး ဆွေးနွေးဟောပြောပေးသည့် ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဝန်ထမ်းများက ရပ်ရွာအခြေပြုအ သက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းမေးခွန်းလွှာများအားကောက်ယူခဲ့ကြရာ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်နှင့်ဌာနဆိုင် ရာများကလိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)