ကသာ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် တောင်သူများ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲနည်း၊ နှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အမှာစကား ပြောကြားရာ၌ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ GAP, SRI , Drum Seeder အစရှိသည့် စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ သိရှိထားရန် လိုအပ်ပါကြောင်း၊ အဆိုပါ စိုက်နည်းစနစ်များကို စနစ်တကျသိရှိစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့် ကွင်းဆင်း၍ စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ ဘဝဖွံ့ဖြိုးတိုးတက်မှ စိုက်ပျိုးရေးကို အခြေခံထားသော မိမိတို့နိုင်ငံအနေဖြင့် တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် နိုင်ငံတော်အစိုးရမှ လိုအပ်သည့်စက်ပစ္စည်း၊ မြေသြဇာ၊ မျိုးစေ့နှင့်နည်းပညာတို့ကို စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဒေသခံတောင်သူများအား ထောက်ပံ့ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက်ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းတို့က မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသ၊ မိမိတို့မိသားစု၊ မိမိတို့စည်းစိမ်ဥစ္စာတို့ကို မိမိတို့ကိုယ်တိုင်ကာကွယ်ရမှာ ဖြစ်သည့်အတွက် နိုင်ငံရေးအသိ၊ သတိဖြင့်နေထိုင်ကြရန် ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကိုလေးက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော အကျိုးဆောင်တောင်သူများအား ခရိုင်/မြို့နယ်အ ဆင့်စိုက်/ကြပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယူရီးယားဓာတ်မြေဩဇာ အိတ်လုံးရေ(၅၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)