မကွေး ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် မိချောင်းရဲကျေးရွာအုပ်စုရှိ ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်းလုပ်ငန်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ဆိပ်သာဆိုလာစနစ်ရေတင် စီမံကိန်းလုပ်ငန်းရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူတို့က ဆိပ်သာဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် မိချောင်းရဲဒေသရှိ စိုက်ပျိုးမြေ ဧက (၂၀၀)အား စိုက်ပျိုးရေပေးဝေဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကပြည့်မီစွာ ရေပေးဝေစိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မိချောင်းရဲဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆိပ်သာဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧက (၂၀၀)အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးဆောင်ရွက်ရန် စိုက်ကွက်များဖော်ဆောင်၍ ခွဲဝေပေးထားသည့် စိုက်ကွက်များအတွင်း စိုက်ပျိုးရေပေးဝေမှုနှင့် စပါးစိုက်ပျိုးမှုအခြေအနေများကို တောင်သူများအား မေးမြန်းကာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးမှာလည်း စိုက်ပျိုးရေးကို အခြေခံသည့် ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ၏ ကြောရိုးသဖွယ် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် မိချောင်ရဲဒေသမှ တောင်သူများ ကြီးပွားတိုးတက်အဆင်ပြေစေရန် ယခုဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်အတွက် ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသော ဆိပ်သာဆိုလာလျှပ်စစ်ရေတင်စီမံကိန်းသည် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည့် နှစ်ရှည်စီမံကိန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစွမ်းအင်တွဲဖက်အသုံးပြုခြင်းဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်လည်း လျော့နည်းသက်သာကြောင်း၊ မိချောင်းရဲကျေးရွာအုပ်စုဒေသရှိ စိုက်ပျိုးမြေ (၂၀၀)ဧကကို ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ်၊ သီးညှပ်တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ တိုးတက်ရရှိလာစေမှာဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာသုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန်လိုအပ်ကြောင်း၊ သီးနှံအထွက်တိုးရန်အတွက် မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရန်လိုအပ်ပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်များအပေါ် ဒေသရေမြေသဘာဝနှင့် လျော်ညီစွာ နည်းစနစ်တကျ အမှန်တကယ်လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သည့် လယ်ယာကဏ္ဍဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားကာ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များအား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်းလုပ်ငန်းမှ စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေနှင့် မိချောင်းရဲဒေသသီးနှံစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးသည်။
မကွေးမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်း မိုးနည်းရေရှားဒေသတွင်ပါဝင်၍ နှစ်စဉ်ပျမ်းမျှ မိုးရေချိန် (၂၉)လက်မခန့်သာရရှိခဲ့သည့်အတွက် နှစ်စဉ်သီးနှံစိုက်ပျိုးရာတွင် သဘာဝမိုးရေကိုသာ အဓိက မှီခိုအားထားစိုက်ပျိုးရသဖြင့် တစ်နှစ်လျှင် (၂)သီးသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်၍ ခွင့်ပြုရန်ပုံငွေ (၂၇၀၄.၀၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိချောင်းရဲဒေသတွင် ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ခဲ့သည့်အတွက် ဒေသရှိ စိုက်ပျိုးမြေဧက (၂၀၀)ကို ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများတိုးတက်လာစေပြီး ဒေသဆန်ဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူပြုစေနိုင်ယုံသာမက ဒေသတွင်း တောင်သူတစ်ဦးချင်း၏ ဝင်ငွေများလည်း တိုးတက်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ညီညာ