ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တမံရေပိုလွှဲ ၂ ခုမှ ဆက်လက်၍ ရေကျော် စီးဆင်းလျက်ရှိ

ငဖဲ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့်ရင့် ရှည်ရေလှောင် တမံရှိရာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၆ နာရီအချိန်တိုင်းတာချက်အရ မန်း‌ချောင်းရေလှောင်တမံ အမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ  ၆၂၇.၈၀ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၂.၈၀ ပေအမြင့် နှင့် ရင့်ရှည်ရေလှောင်တမံသည် အမြင့် ပေ ၆၁၀၊ ဆည်ရေပြည့်အမှတ် ၆၀၂ ပေရှိရာမှ ၆၀၂.၂၀ ပေ သို့ရောက်ရှိပြီး ရေပိုလွှဲမှ ၀.၂၀ ပေ အဖြစ် တမံရေပိုလွှဲများမှ ဆက်လက်ရေကျော်စီးဆင်းလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ယခုလက်ရှိတွင် ဆည်တမံများအတွင်း ရေပြည့်မှတ်ထက် ကျော်လွန်ကာရေပိုလွှဲမှ ရေကျော်စီးဆင်း နေ၍ မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့် (၁) အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင်လည်းကောင်း၊ မန်းတမံနှင့်ရင့်ရှည် ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင် အလံလွှင့်ထူထားရှိပြီး တမံအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိကြောင်း အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်လျက်ရှိသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် မေလမှစတင်၍ မိုးရွာသွန်းခဲ့ရာ မန်းတမံရေပြည့် လုနီးပါးဖြစ်ခဲ့ပြီး ဇွန်လနှင့်ဇူလိုင်လအတွင်းတွင် မိုးများအဆက်မပြတ် ဆက်လက်ရွာသွန်းခဲ့ခြင်းကြောင့် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ် ဝင်ရောက်ကာ မန်းတမံရေပိုလွှဲများမှ ၂.၈၀ ပေ နှင့် ရင့်ရှည်တမံရေပိုလွှဲမှ၀.၂၀ပေဖြင့်  ဆက်လက်၍ ရေကျော်စီးဆင်းလျက်ရှိကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ပြီး ၂၄ နာရီ ရေကင်းတာဝန်ချထားကာ အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)