မအူပင်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ

မအူပင် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားအား ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၄)ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေး‌ငွေထုတ်ချေး‌ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီး တာဝန်ခံဦးသန်းထွဋ်မှ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူလယ်သမားများအား အာမခံထားရှိနိုင်သည့် အမျိုးအစားများ၊ အာမခံထားရှိခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများအား အကျယ်တဝင့်ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီးမန်နေဂျာဦးဝင်းနိုင်၊ မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းတာဝန်ခံ ဦးသန်းထွဋ်နှင့် တာဝန်ရှိသူများမှ တက်ရောက်လာသည့် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇင်ဝိုင်းသက်ဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံဒေါ်နီလာအေးနှင့် ဝန်ထမ်းများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများ စုစုပေါင်းအင်အား(၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)