စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချမှု ကြီးကြပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်း/မုံရွာ/ယင်းမာပင်ခရိုင်များမှ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသုံးဆီထုတ်လုပ် ရောင်းချကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများလက်ဝယ်သို့ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် အလေးချိန်မှန်ကန်ရေးနှင့် လွယ်ကူချောမွေ့အောင် ဝယ်ယူရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စားသုံးဆီများ အားဈေးနှုန်းမြင့်တက် ရောင်းချခြင်းများနှင့် သိုလှောင်ထားရှိမှုများမရှိအောင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ စားသုံးဆီရောင်းချမှုကြီးကြပ်ရေးအဖွဲ့များမှ မြေပြင်အထိကွင်းဆင်း စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို ပွင့်လင်းမြင်သာအောင် ဆွေးနွေးတင်ပြသွားကြရန်နှင့် မိမိတို့တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။  

ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များသို့ စားသုံးဆီများ ရောက်ရှိ/ခွဲဝေပေးထားမှု အခြေအနေများ၊ ပြည်သူများသို့ စားသုံးဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်/မုံရွာခရိုင်/ယင်းမာပင်ခရိုင်များမှ စားသုံးဆီလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် စားသုံးဆီများခွဲဝေရရှိမှု၊ ရောင်းချနေမှုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရမည့် လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း စားသုံးဆီများ ပျက်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချသွားရေးတို့အတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။  

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ခရိုင်များအလိုက် မြို့နယ်များအတွင်း စားသုံးဆီများရောက်ရှိမှု၊ ပြည်သူများနှင့်ဌာနဆိုင် ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စားသုံးဆီရောင်းချနေမှု လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)