ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီး

ကံမ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ  စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ရေနံ့သာကျေးရွာအုပ်စုမှ တောင်သူ(၁၂၄)ဦးတို့၏ မိုးစပါးစိုက်ဧက(၂၉၆)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၄၄၄)သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာအုပ်စု(၁၉)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ်သိန်းပေါင်း သုံးသောင်းအား ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်းအစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)