တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရေတာရှည်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရေတာရှည် ဇူလိုင် ၃၀

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ရဟန်းရှင်၊ လူ၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တောင်ငူပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါ၊ ကလေး၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး၊ အရေပြား၊ ဓာတ်မှန်၊ ဓာတ်ခွဲ၊ အရိုးခွဲစိတ်ရောဂါ၊ စိတ်ကျန်းမာရေးနှင့် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ စသည့် ဘာသာရပ်(၁၂)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ရေတာရှည်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြု ကုသရေးလုပ်ငန်းများတိုးချဲ့ကာ ကျေးလက်ဒေသအထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာစောသူရကြည်ဖေ၊ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာညီဆွေတို့က လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ စုစုပေါင်း(၃၂၃)ဦးပြသရာတွင် အထွေထွေရောဂါလူနာ(၆၅)ဦး၊ ကလေးရောဂါလူနာ(၅)ဦး၊ မျက်စိရောဂါလူနာ(၂၄)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ(၂၃)ဦး၊ ခွဲစိတ်ရောဂါလူနာ(၂၈)ဦး၊ အရေပြားရောဂါလူနာ(၂၁)ဦး၊ အကြောအဆစ်ရောဂါလူနာ(၂၆)ဦး၊ ဓာတ်မှန်လူနာ(၄၁)ဦး၊ ဓာတ်ခွဲလူနာ(၂၃)ဦး၊ အရိုးခွဲစိတ်ရောဂါလူနာ (၃၆)ဦး၊ စိတ်ကျန်းမာရေး(၁)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ(၃၀)ဦးတို့အား ကုသပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)