ကျွန်းစု ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပြ) အဖွဲ့နှင့်တာဝန်ရှိသူများက ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် အမှတ် (၁) ရပ်ကွက်ရှိ ကျွန်းစုမြို့နယ်ခန်းမ၊ အမှတ် (၂) ရပ်ကွက်ရှိ ဝန်ထမ်းဧည့်ရိပ်သာနှင့် အမှတ် (၃) ရပ်ကွက် လမ်းဘေးဝဲယာတစ်လျှောက်နှင့် မိုးလုံလေလုံအားကစားခန်းမပတ်ဝန်းကျင်တို့၌ မြက်ပင်၊ ပေါင်းပင်များ၊ အမှိုက်ရှင်းလင်းခြင်း၊ သစ်ပင်၊ ချုံနွယ်များ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)