တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၅) ပြီးမြောက်ခြင်း အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၃၀

၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၃/၂၀၂၅) ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သက်တမ်းအရှည်ကြာဆုံး လူမှုဂရုဏာအဖွဲ့အစည်းဖြစ်ကြောင်း၊ ကြက်ခြေနီအသင်း၏ရည်ရွယ်ချက်သည် ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဖြစ်ကြောင်း၊ ကြက်ခြေနီဆိုသည် စေတနာ့ဝန်ထမ်းဖြစ်ပြီး လူသားအားလုံးအပေါ် မေတ္တာတရားကို အခြေခံပြီး ကူညီဖေးမသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ရန်သူမိတ်ဆွေမခွဲခြားဘဲ ကူညီဆောင်ရွက်ပေးသောအဖွဲ့အစည်းဖြစ်ပြီး အရေးကြုံလာသည်နှင့် ပြည်သူတို့၏အသက်အန္တရာယ်ကို အတတ်နိုင်ဆုံး ကယ်တင်ဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း ပညာရပ်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ပင်မကျောရိုးဖြစ်ကြောင်း၊ ရှေးဦးသူနာပြုစုခြင်းဆိုသည် အရေးပေါ်အခြေအနေများကို ထိရောက်စွာ တုံ့ပြန်ရန်အတွက် အရေးပါသော ကျွမ်းကျင်မှုတစ်ခုဇြစ်ပြီး ရှေးဦးပြုစုခြင်း အတတ်ပညာကို ကျွမ်းကျင်စွာ တက်မြောက်ထားခြင်းဖြင့် အိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ အရေးပေါ် တုံ့ပြန်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း၊ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းပြီးမြောက်ခဲ့သောကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာဖြင့် နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြု၊လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေ၊ လူသားချင်းစာနာထောက် ထားမှုဟူသော ကိုယ်ချင်းစာ တရားများကိန်းအောင်း၍ သာယာအေးချမ်းသော လူ့ဘောင်သစ်ကို ဖော်ကျူးနိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက အမှာစကားပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုချီးမြှင့်ပြီး ထားဝယ်တက္ကသိုလ်ဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် (၃၈) သိန်းအား ပေးအပ်ရာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက လက်ခံရယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများကိုယ်စား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ထားဝယ်တက္ကသိုလ်ဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် (၂၅) သိန်းအား ပေးအပ်ရာ ဒုတိယပါမောက္ခချုပ်ဒေါက်တာမိုးမိုးလွင်က လက်ခံရယူပြီး တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးသက်နိုင်က သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသား/သူ (၂၈)ဦးကိုယ်စား သင်တန်းသူတစ်ဦး က လက်ခံရယူသည်။

ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်က သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ထားဝယ်တက္ကသိုလ်ကြက်ခြေနီအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)