ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် အမှတ် (၂) တပ်နယ်တို့က ရွှေဂွန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာများ ကူညီထောက်ပံ့ပေး

လှိုင်းဘွဲ ဇူလိုင် ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်  နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့ အမှတ် (၂) တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်းတို့က လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအတွက်  ဆန်၊ ဆီ၊ ကြက်ဥ စသည့်စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့သည်။

ရွှေဂွန်းကျေးရွာရှိ သံလွင်မြစ်၏ စိုးရိမ်ရေအမှတ်မှာ (၉၅၀)စင်တီမီတာဖြစ်ပြီး၊ ယနေ့တိုင်းထွာချက်အရ (၁၂၁၅) စင်တီမီတာသို့ ရောက်ရှိနေသဖြင့် ရေဘေးသင့်ပြည်သူများမှ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၈၂၁) စု၊ လူဦး‌ရေ (၃၆၃၆) ဦးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန် (၈) ပြည်အိတ် (၁၈၀) အိတ်၊ ကြက်ဥ (၁၄၄၀) လုံး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကွပ်ကဲရေးနှင့်အကြံပေးအဖွဲ့၊ အမှတ် (၂) တပ်နယ်မှူး ဗိုလ်မှူးကြီးစောကြာအင်းမှ ဆန် (၂၄) ပြည်ပါ (၉၂) အိတ်၊  ကြက်ဥ (၃၆၆၀) လုံး၊ ဆီ (၁၀၀) ပိဿာတို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

အဆိုပါထောက်ပံ့လှူဒါန်းပေးသည့် ရိက္ခာပစ္စည်းများကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ အဖွဲ့ဝင် (၂) ဦးမြတ်စိမ်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ယမန်နေ့က ရွှေဂွန်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်ကြရသည့် ပြည်သူများထံ သွားရောက်ပေးအပ်ခဲ့ကြကြောင်း  သိရသည်။

စောဒိ(ပြန်/ဆက်)