သဲကုန်းမြို့နယ်တွင် ဓာတ်မြေဩဇာ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

သဲကုန်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦး​စောပြည့်စုံ၊ သဲကုန်းမြို့ စခန်းမှူး ဒုရဲမှူးဇင်ဟိန်းထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းနှင့် ကော်မတီဝင်များက စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တို့တွင် ယူရီးယားဓာတ်မြေဩဇာများကို ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများတွင် ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစား၌ ပါဝင်သည့် အမိုနီယမ်နိုက်ထရိတ်များအား ရောင်းချမှုမရှိစေရေး  လိုက်လံအသိပေးစစ်ဆေးခြင်း၊ စိုက်ပျိုးရေးဆေးပစ္စည်းအ​ရောင်းဆိုင်များတွင် ပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ထားသော တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ၊ သက်တမ်းလွန်ဆေးပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခြင်းတို့မရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)