တနင်္သာရီတိုင်းဒေသကြီးတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ထားဝယ် ဇူလိုင် ၂၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း F.S (MOU) လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် မဟာဓာတ်အားလိုင်း ရောက်ရှိခြင်း မရှိသေးသည့်အတွက် တိုင်းဒေသကြီးအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်နှစ်များကတည်းက ကြိုးစားဆောင်ရွက်ခဲ့သည့်မှာ ယခုအခါတွင် အတိုင်း အတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်က မြို့နယ်များတွင် နေရာပေါင်းစုံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက်ကို အဖွဲ့များဖြင့် မြို့နယ်များဖြည့်စွက်၍ ခရိုင် Grid ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ထားဝယ်ခရိုင်အတွက်ကို Gas ဖြင့် လျှပ်စစ်ဓာတ်အားပေးရေး ဆောင်ရွက်နိုင်ခဲ့ပြီး မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းခရိုင်များတွင် ယခုအချိန်အထိ ဒီဇယ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ဖြန့်ဖြူးပေးနေသလို အချို့မြို့ငယ်များတွင် မြို့အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည်များရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် National Grid မရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဓာတ်အားစီမံကိန်းအားအကြီးစား ဆောင်ရွက်ပါက ရရှိသော လျှပ်စစ်ဓာတ်အားများကို လိုအပ်သောနေရာများတွင် ဖြန့်ဖြူးနိုင်ခြင်းမရှိသောကြောင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အလိုက်ကိုပဲ ချိန်ဆတွက်ချက် ပြီးလုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ဦးတည်ပြီး ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၀- ၂၀၁၃ ခုနှစ် က စတင်ပြီး Gas တာဘိုင်များကို တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား ၂၄ နာရီ အပြည့်အဝရရှိခဲ့သလို ယူနစ်နှုန်းထား လျော့ကျရေးအတွက်ကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်ရှိသော ရေခဲစက်၊ အအေးခန်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ကျန်ရှိသော အသေးစားစက်မှုလက်မှုလုပ်ငန်းကို နေ့ဘက်တွင် လျှပ်စစ်ဓာတ်အား  အသုံးပြု၍ရအောင် ကြိုးစားဆောင်ရွက်ခဲ့သည်များရှိကြောင်း၊  မြိတ်မြို့နယ်တွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း များပြားသောကြောင့် နေ့ဘက်တွင် လျှပ်စစ်မီး အသုံးများပြီး ရေခဲစက်၊ ငါးမုန့်စက်ရုံ၊ အအေးခန်းစက်ရုံ စသည်တို့ကို ဆိုလာမှ တိုက်ရိုက်အသုံးပြု၍ ရရှိပါက ရင်းနှီးမြှပ်နှံသူ များပြားလာသည်နှင့်အမျှမြိတ်မြို့တွင်ရှိသောပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ကြောင်း၊ မြိတ်မြို့တွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂဝပ် ခင်းကျင်းနိုင်အောင် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/မြို့နယ်များတွင် လက်ရှိလျှပ်စစ်ဖြန့်ဖြူးပေးနေသလို အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ် ချွတ်ယွင်းချက် တစ်ခုရှိလာခဲ့သည်ရှိသော် အစားထိုး ဖြန့်ဖြူးပေးနိုင်ရေးအတွက် သက်ဆိုင်ရာခရိုင်မြို့ကြီးများနှင့် မြို့များတွင် ခရိုင်မီးစက်အစီအစဉ်ဖြင့် နှစ်အလိုက် ဆောင်ရွက်ထားသည်များရှိကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လျှပ်စစ်မီးအပြည့်အဝရရှိရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မကြာခင်ကာလ၌ရေနက်ဆိပ်ကမ်းတွင် ၆၆၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက် ထားသည်များရှိပြီးထွက်ရှိလာပါက တိုင်းဒေသကြီးသို့ နိုင်ငံတော်ဓာတ်အားစနစ်မရရှိသော်လည်း တိုင်းဒေသကြီးဓာတ်အားပေးစနစ်တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာ ရရှိမည်ဖြစ်ကြောင်း၊ လုပ်ငန်းအား ကြိုဆိုပါကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ အနေဖြင့် အရေးကြီးသောလုပ်ငန်းတစ်ခုအဖြစ် သဘောထားပြီးအောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/ မရှိ အကြိုစူစမ်းလေ့လာမှု လုပ်ငန်းများဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာ အား တာဝန်ရှိသူများက လက်မှတ် ရေးထိုးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)