ဒေးဒရဲ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထားဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးပေါ်ထွန်းက ယနေ့ခေတ် နည်းပညာများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကြိုတင်သတိထားလိုက်နာရမည့် အချက်များ ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ယနေ့ခေတ်တွင် အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အချက်အလက်များ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား ကျောင်းသား၊ ကျောင်းသူများ သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဟောပြောခြင်း၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်က နိုင်ငံသားစိစစ်ရေးကတ်များ အသုံးပြု၍ အွန်လိုင်းဘဏ်စနစ်ဖြင့် ငွေကြေးလိမ်လည်နေမှု ဖြစ်စဥ်များ၊ ဖြစ်ပွားနေမှုများ၊ သတိထားရမည့်အချက်များ ဟောပြောခြင်းနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းလှိုင်က အိမ်နီးချင်းနိုင်ငံများ၌ ဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ (Video Click)အား ပြသရှင်းလင်းခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများကြောင့် ကျခံရမည့် ပြစ်ဒဏ်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသေား သုတရသစာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း