ထားဝယ် ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကျင်းပသော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ကလေးအလုပ်သမားများသည် အဓိက အနေဖြင့် မိသားစုစားဝတ် နေရေးအခက်အခဲကြောင့် ပညာသင်ယူခွင့်မရရှိဘဲ အလုပ်လုပ်နေကြရသည်ကိုအများဆုံးတွေ့ရပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များတွင် ပါဝင်သောဆင်းရဲမွဲတေမှုပပျောက်ရန်ဆောင်ရွက်ရာ၌ ကလေးအလုပ်သမားအရေးသည်စိန်ခေါ်မှု တစ်ရပ်အဖြစ် ပါဝင်နေကြောင်း၊ နိုင်ငံတော်အနေဖြင့်ကလေးအလုပ်သမားလျော့နည်း ပပျောက် ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး “မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်”ကိုရေးဆွဲကာစီမံချက်ကာလကို ၂၀၁၉ မှ ၂၀၃၃ ခုနှစ်ထိ ၁၅ နှစ်ကာလသတ်မှတ် ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းစီမံချက်ကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် ဒေသ၏ လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေး ဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပြီး မိသားစုများအတွက် ပိုမိုကောင်းမွန်သောအသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီး အခြေခံစက်ချုပ် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က အခြေခံစက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသူများက လက်ခံယူသည်။ သင်တန်းတွင် သင်တန်းသူ(၁၅)ဦးအား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ ရက်သတ္တပတ် ၈ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)