တောင်ငူ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေဝင်ရောက်ပြီး ယမန်နေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင် (ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက မြစ်ရေမြင့်တက်လာမှုနှင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ မြန်မာပြည်အနှံအပြားနှင့် တောင်ငူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ရောက်ရှိနေပြီး ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် စိုးရိမ်ရေအမှတ် (၆၄၄)စင်တီမီတာရှိကာ စစ်တောင်းမြစ်ရေသည် မိုးဆက်လက်သည်းထန်စွာ ထပ်မံရွာသွန်းပါက မြစ်ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့် မြစ်ကမ်းနံဘေးနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)